DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၁၂-၅-၂၀၂၄  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၇/၂၀၂၃)

အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၇/၂၀၂၃)

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၂၃ ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(­­­က)    အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အခြေအနေ

(၁)      ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက် -အနောက်မြောက်ဘက် ရေမိုင်(၄၂၅)မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက် ဘက် ရေမိုင် (၄၁၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက် -အနောက် တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့(Paradip)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင် ဘက် ရေမိုင် (၂၂၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။

(၂)      အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)    အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ တည်နေရာ၊ ဗဟိုချက်လေဖိအား နှင့် လေတိုက်နှုန်း

 အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တွင်  မြောက်လတ္တီကျု (၁၇.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၁)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး    လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

  (ဂ)    နောက်(၆၀)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၆)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ၊ (၂၅.၁၀.၂၀၂၃) ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ခီပူပါရာမြို့(Khepupara) နှင့် စစ်တကောင်းမြို့(Chittagong)တို့ကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါ သည်။

 

(ဃ)   သတိပေးနှိုးဆော်ချက်

အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် ယနေ့ညမှ (၂၅.၁၀.၂၀၂၃) ရက်နေ့အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့ အပြားနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက် 

။       သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။