DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေကာ၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၃)

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၃)

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၂၄ ရက်နေ့ မြန်မာစံတော်ချိန်(၀၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(­­­က)     အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)“ဟမွန်း” (HAMOON) အခြေအနေ

(၁)      ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)“ဟမွန်း”(HAMOON)သည် အရှေ့မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက် ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “ဟမွန်း”(HAMOON)အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၊ သံတွဲမြို့(Thandwe) ၏ အနောက် - အနောက်မြောက်ဘက် ရေမိုင် (၃၄၀)မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ အနောက် - အနောက်တောင်ဘက် ရေမိုင် (၂၆၀)မိုင်ခန့်၊ မောင်တော မြို့(Maungdaw)၏ အနောက် - အနောက်တောင်ဘက် ရေမိုင် (၂၄၀)မိုင် ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့(Paradip)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၁၁၅)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၄၅) မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်- အနောက် တောင်ဘက် ရေမိုင် (၁၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ ပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)      အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)သည် မြန်မာ စံတော်ချိန် (၀၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၉.၃)ဒီဂရီနှင့် အရှေ့လောင် ဂျီကျု (၈၈.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်မှ မိုင်(၆၀)နှုန်းခန့် ဖြစ်ပါသည်။ 

(ဂ)      နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ခီပူပါရာမြို့(Khepupara)နှင့် စစ်တကောင်းမြို့(Chittagong)တို့ကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)   သတိပေးနှိုးဆော်ချက်

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON) ၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၅.၁၀.၂၀၂၃)ရက်နေ့အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ ကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေ မှ (၁၁)ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက် 

။       သို့ဖြစ်ပါ၍ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုး ဆော်အပ်ပါသည်။