မုန်တိုင်းငယ်သတင်း
(၂၀၂၁ ခုနှစ်၊ မေလ(၂၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် (Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း (Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင်(၂၃၅)မိုင်ခန့်၊ ပုသိမ် (Pathein)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၇၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ် (Paradip) မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၃၀၅)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်-အရှေ့ တောင်ဘက် ရေမိုင်(၃၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။
(ခ) မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၆.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၀.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ပါသည်။
(ဂ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ ပိုမိုအားကောင်းလာပြီးနောက်(၁၂)နာရီအတွင်းအားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့လည်းကောင်း၊ နောက်(၂၄)နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့ညမှ နောက်(၄၈)နာရီအတွင်းပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီး ခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။
(င) အကြံပြုချက်
အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူလေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။