မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၂/၂၀၂၃)
(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၈၅)မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၅၂၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင်ဘက် ရေမိုင် (၄၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့(Paradip)၏ တောင်ဘက် ရေမိုင် (၃၂၀)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်ဘက် ရေမိုင် (၄၀၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်-အနောက်တောင် ဘက် ရေမိုင် (၄၈၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။
(ခ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၅.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၁၀၀၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၉၆)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့လည်းကောင်း၊ ထို့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ ကာ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်း ကောင်း ပိုမိုအားကောင်းလာနိုင်ကာ၊ (၂၅.၁၀.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၅.၁၀.၂၀၂၃) ရက်နေ့ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာ ပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ သို့ဖြစ်ပါ၍ (၂၄.၁၀.၂၀၂၃) မှ (၂၅.၁၀.၂၀၂၃) ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းများကျရောက်စဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၇)ပေမှ (၉)ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
၂။ သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ် လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။