DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၃-၁၂-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန် - တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ် နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ၂၄-၁၂-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း(အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီး)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၉/၂၀၂၄) 

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၉/၂၀၂၄) 

၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်တွင်  ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)သတင်း

(­­­က)    ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” (REMAL)သည် မြောက်ယွန်းယွန်းသို့ ရွေ့လျား ခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ သံတွဲမြို့(Thandwe)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၈၅ မိုင် ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်-အနောက် တောင်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၆၀ မိုင် ခန့်နှင့် ကန်နင်းမြို့(Canning)၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 (၂)     ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)    ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”(REMAL) ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့်  လေတိုက်နှုန်း

 အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)သည် မြန်မာစံတော်ချိန်(၀၅:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု ၁၉.၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၉.၄ ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၈၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ နှုန်းခန့် ဖြစ်ပါသည်။

(ဂ)    နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)သည် မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက်(၆)နာရီ အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ ယနေ့ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)  သတိပေးနှိုးဆော်ချက် 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)၏ အရှိန် ကြောင့် ယနေ့နံနကမှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင် မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်း အမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်ပါသည်။ 

အကြံပြုချက် 

။       သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ရီမယ်(လ်)” (REMAL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြို ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။