DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၁၀-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်ကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ် ပိုမိုအားကောင်းလာနိုင်ကာ၊ ၂၅-၁၀-၂၀၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။