(၃၃) ကြိမ်မြောက် အမျိုးသားအဆင့်မုတ်သုံဖိုရမ် အခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန (Multi-Hazard Early Warning Center) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆောင်ရွက်နေသော ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သည့်ဌာနများ၊ ရေနှင့်ပတ်သက်၍ ဆောင်ရွက်နေသောဌာနများ အခြားဆက်စပ်ဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအပါအဝင် စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ကြပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် (၃၃) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် အခမ်းအနားတွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလအတွင်း (အနောက်တောင်မုတ်သုံကာလ) မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာခန့်မှန်းချက်များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် စိုက်ပျိုးရေးမိုးလေဝသအခြေအနေ သုံးသပ်ခြင်း၊ လာမည့်ဆောင်းရာသီကာလ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ) မိုးလေ၀သနှင့်ဇလဗေဒဆိုင်ရာခန့်မှန်းချက်များ တင်ပြဆွေးနွေးခြင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အစွန်းရောက်မိုးလေဝသဖြစ်စဉ်များနှင့် အနာဂတ်ရာသီဥတုပြောင်းလဲနိုင်မှု အလားအလာများကို တင်ပြဆွေးနွေးခြင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်နှင့် ဆူနာမီဘေးအန္တရာယ်များ တင်ပြဆွေးနွေးခြင်း၊ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြီးခဲ့သည့် မိုးရာသီကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာသီဥတု၊ မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာ အတွေ့အကြုံ သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် လာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းရာသီကာလအတွက် ခန့်မှန်းချက်များကို အသုံးပြု၍ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပြု ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။