မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၄/၂၀၂၂)
(၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ ၂၃ ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်(Depression)သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ၊မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၅၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၆၉၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင်(၁၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ်မြို့ (Nagappattinam)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်နှင့် ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၇၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။
(ခ) မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၀.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်(၆၀)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်တောင်ဘက်သို့ ပြန်ကွေ့နိုင်ပြီး၊ (၂၅.၁၂.၂၀၂၂)ရက်နေ့တွင် သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းကိုဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့်ယနေ့မွန်းလွဲမှ နောက်(၇၂)နာရီ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။
(င) အကြံပြုချက်
သို့ဖြစ်ပါ၍မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်။