DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

(၂၈-၀၃-၂၀၂၄):ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

(၄၆)ကြိမ်မြောက် အပူပိုင်းမုန်တိုင်းအဖွဲ့ စုံညီအစည်းအဝေး

“(၄၆)ကြိမ်မြောက် အပူပိုင်းမုန်တိုင်းအဖွဲ့ စုံညီအစည်းအဝေး”

သတင်းထုတ်ပြန်ချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (World Meteorological Organization-WMO) နှင့် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (United Nations Economic and Social Commission for Asia and the Pacific- UNESCAP) တို့ ပူးပေါင်း၍ (၄၆)ကြိမ်မြောက် အပူပိုင်းမုန်တိုင်းအဖွဲ့ စုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် နေပြည်တော်၊ Hotel Royal Ace တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ ကြိုဆိုနှုတ်ဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အိန္ဒိယမိုးလေဝသဌာန၏ ညွှန်ကြားရေးမှူးချုပ် Ms. Sunithadevi Santhamma၊ ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၏ အကြီးအကဲ Dr. Sanjay Kumar Srivastava နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အတွင်းရေးမှူးချုပ်ရုံး ကိုယ်စားလှယ် Dr. Taoyong Peng တို့မှ အဖွင့်အမှာစကားအသီးသီးကိုလည်းကောင်း ပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ WMO နှင့် UNESCAP တို့မှ ပညာရှင်များ၊ တရုတ်နိုင်ငံ မိုးလေဝသဌာနနှင့် ဂျပန်နိုင်ငံ၊ ရေနှင့် ဆက်နွယ်သည့် ဘေးအန္တရာယ်များနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု အပြည်ပြည်ဆိုင်ရာဗဟိုဌာနမှ ပညာရှင်များ၊  အပူပိုင်းမုန်တိုင်း အဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်ပြင်တွင် ဖြစ်ပေါ်သည့် အပူပိုင်းမုန်တိုင်းများအတွက် ခန့်မှန်းချက်နှင့် သုတေသနလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းအပါအဝင် အပူပိုင်းမုန်တိုင်း သတိပေးချက်စနစ်များကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် အပူပိုင်းမုန်တိုင်းနှင့် ဆက်နွယ်သည့် ဘေးအန္တရာယ်များကြောင့် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်ရန်ဖြစ်ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာကြသည့် အပူပိုင်းမုန်တိုင်းအဖွဲ့ဝင်နိုင်ငံများမှ မိမိတို့နိုင်ငံအလိုက် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးလေ၀သ၊ ဇလဗေဒဆိုင်ရာ ဘေးအန္တရာယ်များ၊ သဘာဝဘေးများမှ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် သုတေသနလုပ်ငန်းများကို တင်ပြဆွေးနွေးကြမည်ဖြစ်သည့်အပြင် ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်တို့တွင် မုန်တိုင်းများ ဖြစ်ပေါ်ပါက ကြိုတင်ပြင်ဆင်မှု၊ သတင်းအချက်အလက်နှင့် သတိပေးချက်များ ဖြန့်ဝေမှု၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် သတင်းအချက်အလက်ဖလှယ်မှုများအတွက် လုပ်ထုံးလုပ်နည်း နည်းစံနစ်များနှင့် ပတ်သက်သည့် အပူပိုင်းဆိုင်ကလုန်း စီမံအုပ်ချုပ်မှု အစီအမံများအား ပြန်လည်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တက်ရောက်လာသည့် ပညာရှင်များမှလည်း လိုအပ်မည့်နည်းပညာများနှင့် သတင်းအချက်အလက်များဆိုင်ရာ ထောက်ပံ့ခြင်းများကို အသေးစိတ် ဆွေးနွေးကြမည်ဖြစ်ပါသည်။ ထို့အပြင် ယခုကျင်းပသည့် (၄၆)ကြိမ်မြောက် အပူပိုင်းမုန်တိုင်းအဖွဲ့ မျက်နှာစုံညီအစည်းအဝေးတွင် ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်ပြင်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းများအား အမည်သစ်ပေးရန်အတွက်  အဖွဲ့ဝင်နိုင်ငံများမှ အဆိုပြုထားသည့် မုန်တိုင်းအမည်များကို အတည်ပြုခြင်းနှင့် WMO/ESCAP Panel on Tropical Cyclone Trust Fund (PTCTF) တွင် ရံပုံငွေထည့်ဝင်နိုင်ရေးတို့အတွက်လည်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။ အဆိုပါအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။