DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

 ၂၃-၅-၂၀၂၄ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တွင် ၂၄-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ၂၅-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ အားကောင်းလာနိုင်ပါသည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် ၂၆-၅-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်  ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်း ရာမှ အားလွန်ကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်ထူထပ်နေပါသည်။

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၉/၂၀၂၂)

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၉/၂၀၂၂)

 (၂၀၂၂ ခုနှစ်၊ မတ် (၄)ရက်နေ့ မြန်မာစံတော်ချိန်(၂၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 

 

(က)    အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၆၇၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်- အနောက် တောင်ဘက် ရေမိုင်(၇၇၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomale) မြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၁၂၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊  နာဂါပတ္တနမ် (Nagapattinam)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၂၀၀)မိုင် ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၃၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိ အခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၀.၀)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၆) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

(ဂ)     နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် အနောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ (၅.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် သီရိလင်္ကာ နိုင်ငံ အရှေ့ပိုင်းကမ်းလွန်သို့ရောက်ရှိနိုင်ပြီး၊ ထိုမှတစ်ဆင့် နောက်(၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး(Tamil Nadu)မြောက်ပိုင်းကမ်းခြေသို့ ဦးတည်ရွေ့လျား နိုင်သည်ဟု ခန့်မှန်းရပါသည်။