DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၉-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။    

 

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၁၀/၂၀၂၂)

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၁၀/၂၀၂၂)

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၉ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 (­­­က)   အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မန်းဒပ်(စ်) (MANDOUS)”အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(CocoIsland)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၇၀၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၇၉၀)မိုင်ခန့်၊သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့(Jaffna)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင်(၁၃၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ချင်းနိုင်မြို့(Chennai)၏ တောင်- အရှေ့တောင်ဘက် ရေမိုင်(၁၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)“မန်းဒပ်(စ်)(MANDOUS)”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)”၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 အဆိုပါအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)”သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၀.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၁.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅)မိုင်မှ မိုင်(၆၀) နှုန်းခန့် ဖြစ်ပါသည်။

(ဂ)     နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)”သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊နောက်(၆)နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)”အဖြစ်သို့ ပြန်လည်အားလျော့သွားနိုင်ကာ (၁၀.၁၂.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောအင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကိုပူဒူချယ်ရီမြို့(Puducherry)နှင့် စရီဟာရီခိုတမြို့(Sriharikota)တို့အကြားမဟဘာလီပူရမ်မြို့(Mahabalipuram)အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)    သတိပေးနှိုးဆော်ချက် 

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)“မန်းဒပ်(စ်)(MANDOUS)”၏အရှိန်ကြောင့်ယနေ့နံနက်မှ နောက်(၃၆)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။မြန်မာ့ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။

(င)     အကြံပြုချက်

သို့ဖြစ်ပါ၍အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)”၏အရှိန်ကြောင့်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်။