မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၅/၂၀၂၂)
(၂၀၂၂ ခုနှစ်၊ မတ်လ(၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၂၂:၃၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) မုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန်(၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည်မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည်မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင်ဘက် ရေမိုင်(၁၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်ဘက်ရေမိုင်(၃၁၀)မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ မြိတ်မြို့၏အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၄၂၅)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်နှင့် ပို့ပလဲယား(Port Blair)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၅၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။
(ခ) မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၁၀.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက်နာရီ(၃၀)အတွင်းခန့်မှန်းချက်
အဆိုပါမုန်တိုင်းငယ်(Depression)သည် နီကိုးဘားကျွန်း(Nicobar Islands)နှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ရွေ့လျားပြီး၊ နောက်(၁၅)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ လည်းကောင်း၊ နောက်နာရီ(၃၀)အတွင်းဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါမုန်တိုင်းငယ် (Depression)သည်(၂၁.၃.၂၀၂၂)ရက်နေ့နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊(၂၂.၃.၂၀၂၂)ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ (၂၃.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့ညမှ (၂၂.၃.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
(င) အကြံပြုချက်
အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။