DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၅-၁၁-၂၀၂၄: ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။  အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက်  ၁၂ နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်းခြေ-သီရိလင်္ကာနိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

ဆောင်းရာသီကာလ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ) အတွက် ယေဘုယျ မိုးလေဝသခန့်မှန်းချက်

ဆောင်းရာသီကာလ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ) အတွက်

ယေဘုယျ မိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

၁။       ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်‌၀န်း (၅)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးအခြေအနေ

၂။       မိုးရွာသွန်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

ညအပူချိန်

၃။       နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ဆောင်းရာသီ ကာလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီစင်တီဂရိတ်နှင့်အထက်ပိုနိုင်ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်းရာသီကာလ ပျမ်းမျှ အပူချိန်ခန့်သာ ရှိနိုင်ပါသည်။

မြူအခြေအနေ

၄။       ဆောင်းရာသီကာလအတွင်း ဒေသအလိုက် မြူထူဆိုင်းလေ့ရှိပြီး ကမ်းရိုးတန်းဒေသများ၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများတို့တွင် ပိုမိုထူထပ်စွာ မြူထူဆိုင်းတတ်ပါသည်။

(မြူအခြေအနေ ခန့်မှန်းချက်များကို လပတ်ခန့်မှန်းချက်များတွင် လအလိုက် ထပ်မံ ထုတ်ပြန်ပေးသွား မည် ဖြစ်ပါသည်။)