DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ  ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်

 

၁။      ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ) သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ် ပိုမိုအားကောင်းလာနိုင်ကာ၊ ၂၅-၁၀-၂၀၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြားမှ ဖြတ်ကျော်နိုင်သည် ဟု ခန့်မှန်းရပါသည်။

၂။       အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

၃။      မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၄ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

၄။      သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။