DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၁၀-၂၀၂၄: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၄) 

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၄) 

   ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်တွင် ထုတ်ပြန်သည့် မုန်တိုင်းငယ်(Depression)သတင်း

(­­­က)    မုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်း မြို့(Hainggyigyun)၏ အနောက်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်၊ သံတွဲမြို့ (Thandwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၄၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့(Khepupara)၏ တောင်-အနောက်တောင် ဘက် ရေမိုင် ၃၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါ ကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့် နှင့် ကန်နင်းမြို့(Canning)၏ တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ)     မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တွင်  မြောက်လတ္တီကျု ၁၅.၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၉.၀ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်  လေဖိအား ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  မိုင် ၃၀ နှုန်းခန့် ဖြစ်ပါသည်။

  (ဂ)    နောက်(၆၀)နာရီအတွင်းခန့်မှန်းချက်

 

အဆိုပါ မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၅-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ် သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ၂၆-၅-၂၀၂၄  ရက်နေ့ နံနက်အစောပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်ကာ၊  ၂၇-၅-၂၀၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့်  ယင်းနှင့်ဆက်စပ်လျက်ရှိ သော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ၊ ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ)  သတိပေးနှိုးဆော်ချက် 

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာ များတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၄-၅-၂၀၂၄ ရက်နေ့ မှ ၂၅-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင် ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေ ခန့်ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် ၂၄-၅-၂၀၂၄ ရက်နေ့တွင် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့်၊  ၂၅-၅-၂၀၂၄ ရက်နေ့မှ ၂၆-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင် ပြီး၊ လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်ပါသည်။ 

 

အကြံပြုချက် 

၂။       သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။