၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သ ခန့်မှန်းချက်
၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလအတွက် မိုးလေ၀သ ခန့်မှန်းချက်
၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလ သတ်မှတ်ခြင်း
၁။ ၂၀၂၆ ခုနှစ်၊ မိုးနှောင်းကာလသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်နေ့)မှစ၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါသည်။
မုတ်သုံလေဆုတ်ခွာသည့် အခြေအနေ
၂။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်မှ အောက်ပါအတိုင်း ဆုတ်ခွာသွား ဖွယ်ရာရှိပါသည်-
(က) စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊
( ခ ) စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊
( ဂ ) စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ၊
(ဃ) အောက်တိုဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ။
ဘင်္ဂလားပင်လယ်အော်အခြေအနေ
၃။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၄) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၃) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့် ရှိနိုင်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။
မိုးအခြေအနေ
၄။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင် ပါသည်။













