၂၀၂၆ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
၂၀၂၆ ခုနှစ်၊ မိုးလယ်ကာလအတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
၂၀၂၆ ခုနှစ်၊ မိုးလယ်ကာလ သတ်မှတ်ခြင်း
၁။ ၂၀၂၆ ခုနှစ်၊ မိုးလယ်ကာလသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆုတ် ၂ ရက်နေ့မှ ဝါခေါင်လဆုတ် ၃ ရက်နေ့)အထိ ဖြစ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ
၂။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး(၂)ကြိမ်တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။
မိုးအခြေအနေ
၃။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
၄။ မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ဧရာဝတီမြစ်ရေသည်ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီ မြစ်ရေသည် မြစ်ငယ်မြို့တွင် (၁)ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည်တောင်ငူမြို့တွင် (၁)ကြိမ်ခန့်နှင့် မဒေါက်မြို့တွင် (၂)ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၂) ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့ တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂)ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့ တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည်ဘီးလင်းမြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။













