အားကောင်းသောလေဖိအားနည်းရပ်ဝန်းသတိပေးချက် အမှတ်စဉ်(၀၉/၂၀၂၆)

အားကောင်းသောလေဖိအားနည်းရပ်ဝန်းသတိပေးချက် အမှတ်စဉ်(၀၉/၂၀၂၆)

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(­­­က)    အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

ယနေ့မြန်မာစံတော်ချိန် ၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ ညောင်ဦးမြို့ ၏ အနောက်ဘက်မှ ဖြတ်ကျော်ခဲ့သော  ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း အဖြစ်သို့ အားလျော့သွားခဲ့ကာ မြန်မာနိုင်ငံ၊ မတူပီမြို့(Matupi)၏ အရှေ့-အရှေ့တောင်ဘက် တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ချင်း ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်(Mizoram) တို့ကို ဆက်လက်ဖြတ်ကျော်ကာ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်း ရပါသည်။

(ခ)     အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မတူပီမြို့၏ အရှေ့-အရှေ့တောင်ဘက်မှ ဖြတ်ကျော်နေပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

သတိပေးနှိုးဆော်ချက်

          အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့နံနက်မှ ၁-၁၀-၂၀၂၆ ရက်နေ့ အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့်  ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ပါသည်။   

          သို့ဖြစ်ပါ၍ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အားကောင်းသောလေဖိအားနည်းရပ်ဝန်း ဖြတ်သန်းရာဒေသများ တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။