ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၅/၂၀၂၆)

ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၅/၂၀၂၆)

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 

(­­­က)    ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ ကျိုက်ထိုမြို့အနီးမှ ဖြတ်ကျော်ခဲ့သော  အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကုန်းတွင်း မုန်တိုင်းငယ်(Land Depression)အဖြစ် အားလျော့သွားခဲ့ကာ မြန်မာနိုင်ငံ၊ ဖြူးမြို့၏ တောင်ဘက်အနီးမှ ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဖြူးမြို့(Phyu)၏ တောင်-အရှေ့တောင် ဘက် မိုင် ၃၀ ခန့်၊ တောင်ငူမြို့(Taunggu)၏ တောင်-အရှေ့တောင်ဘက် မိုင် ၆၀ ခန့်နှင့် နေပြည်တော်(Naypyitaw)၏ တောင်-အရှေ့တောင်ဘက် ၁၂၀ မိုင်ခန့် အကွာကို ဗဟိုပြုနေပါသည်။

 (၂)     ကုန်းတွင်းမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဖြူးမြို့၏ တောင်ဘက် အနီးမှ ဖြတ်ကျော်နေပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

( ခ )   ကုန်းတွင်းမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၈.၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၆.၆ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။

 ( ဂ )   နောက် ၃၆ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ 

သတိပေးနှိုးဆော်ချက်

          အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ ၁-၁၀-၂၀၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေ မှ ၁၁ ပေခန့်ရှိနိုင်ပါသည်။   

အကြံပြုချက်

          သို့ဖြစ်ပါ၍ ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းတွင်းမုန်တိုင်းငယ် ဖြတ်သန်းရာဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။