မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၆)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၆)

          ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

၁။      (­­­က)    မုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် နှင့် နီကိုးဘားကျွန်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်တောင်ဘက် ရေမိုင် ၄၀၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့ (Machilipatnam) ၏ အရှေ့တောင်ဘက် ရေမိုင် ၄၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

( ခ )   မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၁.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၇.၂ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့်ဖြစ် ပါသည်။

( ဂ )   နောက် ၇၂ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ၂-၁၁-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ၃-၁၁-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေအနီး)သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ 

သတိပေးနှိုးဆော်ချက်

၂။       (က)    မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ ၃-၁၁-၂၀၂၆ ရက်နေ့အတွင်း စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲနှင့်် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ 

          (ခ)     မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

          သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင် ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။