အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”(ARNAB) အမှတ်စဉ်(၀၈/၂၀၂၆)
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”(ARNAB) အမှတ်စဉ်(၀၈/၂၀၂၆)
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”(ARNAB)အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “အာနာဘ်”(ARNAB) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း“အာနာဘ်”သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၅၆၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၁၀ မိုင်ခန့်နှင့် ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”၏ လက်ရှိ အခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။
( ခ ) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”၏ တည်နေရာ၊ ဗဟိုချက်လေဖိအား နှင့် လေတိုက်နှုန်း
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”သည် မြန်မာ စံတော်ချိန် ၁၂:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၆.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၄.၀ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၇၉ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၈၀ မှ ၈၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။
( ဂ ) နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”သည် အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၈-၁၀-၂၀၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်နှင့် ရနမ်ကမ်းခြေတို့ကို ဘပတ်လမြို့နှင့် ဗီဆာကာပတ္တနမ်မြို့တို့ အကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
၂။ (က) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ ၂၉-၁၀-၂၀၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။
(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ပါသည်။
၃။ သို့ဖြစ်ပါ၍ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“အာနာဘ်”၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြို ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ် များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။















