နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အား‌ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန်တိုင်းထွာချက်များအရ ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဗန်ကောက်မြို့ အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်(Low Pressure Cell)သည် ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးမြောက်ပိုင်းနှင့် ကရင်ပြည်နယ်တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးမြောက်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သို့ ဖြတ်ကျော်ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။             စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊  မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။              မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။         မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။ 

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                   နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။             

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                                          နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။