၂၀၂၆ ခုနှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ
၁။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ် နိုင်ပြီး (၁)ကြိမ်တွင် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
၂။ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
၃။ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁၇ ရက်မှ ၂၅ ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၉ ရက်မှ ၁၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မြစ်ရေအခြေအနေ
၄။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၁)ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁) ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် (၁)ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁)ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ကြိမ်ခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီမြို့တွင် (၁)ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့ တို့တွင် (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့ တွင်(၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။













