နေ့စဉ်မိုးလေဝသသတင်း
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော ၂၄ နာရီအတွင်းက ကယား ပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၂ ဒီဂရီ ဆဲလ်စီးယပ်နှင့် မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၃ ဒီဂရီဆဲလ်စီးယပ်လျော့နည်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ၃၀-၅-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ မြင်းမူမြို့တွင် ၄၀.၀ ဒီဂရီ ဆဲလ်စီးယပ်၊ မြင်းခြံမြို့တွင် ၃၈.၂ ဒီဂရီဆဲလ်စီးယပ်၊ စစ်ကိုင်းမြို့နှင့် ရေဦးမြို့တို့တွင် ၃၈.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ တံတားဦး(လေကြောင်းမိုးလေဝသ)တွင် ၃၇.၈ ဒီဂရီ ဆဲလ်စီးယပ်၊ မုံရွာမြို့တွင် ၃၇.၀ ဒီဂရီဆဲလ်စီးယပ်၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့တွင် ၃၆.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ ကလေးဝမြို့တွင် ၃၅.၈ ဒီဂရီဆဲလ်စီးယပ်နှင့် ကန့်ဘလူ မြို့တွင် ၃၅.၅ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဆင်ဖြူကျွန်းမြို့တွင် ၄.၁၇ လက်မ၊ သရက်မြို့တွင် ၃.၇၄ လက်မ၊ ချောက် မြို့တွင် ၃.၁၄ လက်မ၊ မာန်အောင်မြို့တွင် ၂.၉၅ လက်မ၊ ရေဦးမြို့နှင့် ကျောက်ဖြူမြို့တို့တွင် ၂.၄၈ လက်မစီ၊ ကျောက်ပန်းတောင်းမြို့နှင့် ရွှေဘိုမြို့တို့တွင် ၂.၀၅ လက်မစီ၊ ရွှေကူမြို့တွင် ၁.၈၉ လက်မနှင့် မိုးကောင်းမြို့တွင် ၁.၅၄ လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့် အတင့်မှ အားကောင်းနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိတိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။













