အပူချိန်ဆိုင်ရာ ဘေးအန္တရာယ်များအတွက် ထိခိုက်မှုအခြေပြုခန့်မှန်းချက် (IBF) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ
အပူချိန်ဆိုင်ရာ ဘေးအန္တရာယ်များအတွက် ထိခိုက်မှုအခြေပြုခန့်မှန်းချက် (IBF) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟိုဌာန (Regional Integrated Multi-Hazard Early Warning System - RIMES) တို့ ပူးပေါင်း၍ “အပူချိန်ဆိုင်ရာ ဘေးအန္တရာယ်များအတွက် ထိခိုက်မှုအခြေပြုခန့်မှန်းချက် (Impact-Based Forecasting - IBF) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ” အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အခြားဆက်စပ်ဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအပါအဝင် စုစုပေါင်း ၅၀ ဦးခန့် တက်ရောက် ခဲ့ကြပါသည်။ ထို့အပြင် ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဗဟို ဌာန (RIMES) နှင့် အင်္ဂလန်နိုင်ငံ မိုးလေဝသဌာန (UK Met Office) တို့မှ နည်းပညာဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက Virtual Online ဖြင့် တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အပူချိန်ဆိုင်ရာ ဘေးအန္တရာယ်များအတွက် ထိခိုက်မှုအခြေပြုခန့်မှန်းချက် (IBF)ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် အပူချိန်အဆင့်အလိုက် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများ (Impact Thresholds) နှင့် သက်ဆိုင်ရာကဏ္ဍများအနေဖြင့် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ (Action Triggers) ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ထိခိုက်မှုအခြေပြုခန့်မှန်းချက် (IBF) ထုတ်ပြန်ရာတွင် ကြိုတင်သတိပေးချိန် (Lead Time)နှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် အပူချိန်ဆိုင်ရာ ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူမှုစီးပွားရေးဆိုင်ရာ ထိခိုက်နိုင်မှုများကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ ကြပြီး အပူချိန်ဆိုင်ရာ ဘေးအန္တရာယ်များအတွက် ထိခိုက်လွယ်သော လူအုပ်စုများနှင့် ထိခိုက်နိုင်ခြေ ရှိသည့် အရင်းအမြစ်များကို ဖော်ထုတ်ဆွေးနွေးခဲ့ကြကာ အချက်အလက်များကို အပြန်အလှန်မျှဝေ၍ ပေါင်းစပ်အသုံးပြုနိုင်ရေးကို ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။















