နေ့စဉ်မိုးလေဝသသတင်း
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးအနည်းငယ်ရွာခဲ့ပြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်နိုဝင်ဘာလ၏ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နိုဝင်ဘာလ၏ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာဟားခါးမြို့တွင် (၇)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့တွင် (၈)ဒီဂရီစင်တီဂရိတ်စီနှင့် ကျောက်မဲမြို့၊ ပင်လောင်းမြို့၊ ဟဲဟိုးမြို့၊ တီးတိန်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၉)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အိန္ဒိယနိုင်ငံကမ်းခြေကိုတမီးလ်နာဒူး-ပူဒူချယ်ရီတို့မှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးလေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် (Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး-ကီရာလာမြောက်ပိုင်း၊ ကုန်းတွင်းပိုင်းသို့ ရွေ့လျားသွားမည်ဟုခန့်မှန်းရပါသည်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့်သာယာမည်။
မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့်ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။အများအားဖြင့်သာယာမည်။













