နေ့စဉ်မိုးလေဝသသတင်း
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရခိုင်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာအနှံ့အပြား၊ ချင်းပြည်နယ်တွင် နေရာစိပ်စိပ်၊ နေပြည်တော်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ လှိုင်းဘွဲ့(ရွှေဂွန်း)တွင် (၂.၃၀)လက်မ၊ ရန်ကုန်(မင်္ဂလာဒုံမြို့နယ်)တွင် (၁.၁၀)လက်မ၊ နေပြည်တော်(ဇေယျာသီရိမြို့နယ်) တွင် (၀.၉၉)လက်မ၊ ဟဲဟိုးမြို့နှင့် ညောင်ရွှေမြို့တို့တွင် (၀.၈၃)လက်မစီ၊ ကော့ကရိတ်မြို့တွင် (၀.၇၉)လက်မ၊ ဘားအံမြို့တွင် (၀.၆၇)လက်မနှင့် သာစည် (လှိုင်းတက်)တွင် (၀.၆၃)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းငယ်(Tropical Depression)သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်း(Da Nang)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၂၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်(Tropical Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ အပူပိုင်းမုန်တိုင်း(Tropical Storm) အဖြစ်သို့ အားကောင်းလာနိုင်သည်ဟုခန်မှန်းရကာ (၁၅.၁၀.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက် နိုင်ပြီး ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)အဖြစ် အားလျော့သွားနိုင်သည်ဟု ခန်မှန်းရပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။
လာမည့်စနေ၊တနင်္ဂနွေအားလပ်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်း ဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။













