နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၂ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ် လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများ အားဖြင့် သာယာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ ကချင်ပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက် (၆)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ မွန်ပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်နှင့်  မကွေးမြို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုး‌ရေချိန်များမှာ ကော့သောင်းမြို့တွင် (၀.၁၂)လက်မနှင့် ရေးမြို့နှင့် မြိတ်မြို့တို့တွင် (၀.၀၄)လက်မစီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက်(၂၄)နာရီအတွင်း ကပ္ပလီပင်လယ်ပြင်၊ နီကိုးဘားကျွန်းနှင့် ကိုကိုးကျွန်းတို့အနီးတွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့လည်းကောင်း၊ နောက်(၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့ လည်းကောင်း အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် မုန်တိုင်းငယ်(Depression) အဖြစ်ရောက်ရှိပြီးနောက် (၂၀.၃.၂၀၂၂)ရက်နေ့၌ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ (၂၁.၃.၂၀၂၂)ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ (၂၂.၃.၂၀၂၂)ရက်နေ့၌ ရခိုင်ကမ်းရိုးတန်းသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်     နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်    တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။