အယ်လ်နီညိုအခြေအနေသတင်း
အယ်လ်နီညိုအခြေအနေသတင်း
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်
၁။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသောအယ်လ်နီညိုအခြေအနေတွင် ဆက်လက် တည်ရှိနေပါသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာရာသီဥတု ဗဟိုဌာနများ၏ ထုတ်ပြန်ချက်များ ကို အခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များအရ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အယ်လ်နီညို အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
၂။ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင် ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။
အကြံပြုချက်
၃။ အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများ၌ အပူချိန် မြင့်မားခြင်းနှင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ပြီး မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်များတွင် ရေနည်းပါးနိုင်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပြတ်လပ်ခြင်း၊ ရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင် ခြင်း၊ အပူရှပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်နည်းပါးခြင်းကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းသွားနိုင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်မားလာခြင်းတို့ ဖြစ်ပေါ်နိုင်ပါသဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။
၄။ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ပါသည်။













