နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

 

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မုဒုံမြို့တွင် ၅.၅၅ လက်မ၊ ထားဝယ်မြို့တွင် ၅.၁၂ လက်မ၊ ကျိုက်မရောမြို့တွင် ၄.၂၁ လက်မ၊ မော်လမြိုင်ကျွန်းမြို့တွင် ၄.၁၃ လက်မ၊ ဟိုင်းကြီးကျွန်းမြို့တွင် ၄.၀၉ လက်မ၊ လှည်းကူးမြို့တွင် ၄.၀၂လက်မ၊ လပွတ္တာမြို့တွင် ၃.၈၉ လက်မ၊ ဘီးလင်းမြို့တွင် ၃.၈၂ လက်မ၊ ချောင်းဆုံမြို့တွင်  ၃.၆၂ လက်မနှင့် ရေးမြို့တွင် ၃.၅၈ လက်မတို့ ဖြစ်ကြပါသည်။ 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်တောင်ပိုင်းကို ဖြတ်ကျော်လျက်ရှိသော အပူပိုင်းမုန်တိုင်း “နာရာ” (NARRA) သည် မုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။ 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။   မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။      မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။          မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။        နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။