အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၇/၂၀၂၆)
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၇/၂၀၂၆)
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်
၁။ (က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်”(AKVAN) အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အက်ဗန်”သည် မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakhapatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်နှင့် ချင်းနိုင်မြို့(Chennai)၏ အရှေ့ဘက် ရေမိုင် ၃၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။
( ခ ) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“အက်ဗန်”၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်” သည် မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၂.၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၅.၄ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် မိုင် ၆၀ နှုန်းခန့် ဖြစ်ပါသည်။
( ဂ ) နောက် ၆၀ နာရီအတွင်း ခန့်မှန်းချက်
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်” သည် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၀-၁၁-၂၀၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်နှင့် ရနမ်ကမ်းခြေတို့ကို နယ်လိုရီမြို့နှင့် ဗီဆာကာပတ္တနမ်မြို့တို့အကြားမှ ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။
၂။ အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်”၏ အရှိန်ကြောင့် ယနေ့နေ့လယ်မှ ၂၀-၁၁-၂၀၂၆ ရက်နေ့အတွင်း ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
၃။ သို့ဖြစ်ပါ၍ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “အက်ဗန်”၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။















