အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၆)

အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၆)

          ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်

 

၁။          (­­­က)    အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း တို့တွင် ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ ခဲ့ပါသည်။ အဆိုပါ  အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့ (Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၄၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့ (Machilipatnam) ၏ အရှေ့တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

( ခ )   အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၁.၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၆.၄ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့်ဖြစ်ပါသည်။

( ဂ )   နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ၂-၁၁-၂၀၂၆ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ၃-၁၁-၂၀၂၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

၂။       (က)  အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နေ့လယ်မှ ၃-၁၁-၂၀၂၆ ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့်် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

(ခ)     မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ပါသည်။

၃။      သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင် ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။