DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၈-၉-၂၀၂၄: “ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းလွန်-အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေ)တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။” ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

​​​​​​​(၃၂)ကြိမ်မြောက် အမျိုးသားအဆင့်မုတ်သုံဖိုရမ် အခမ်းအနား ကျင်းပခြင်း ၆-၅-၂၀၂၄

(၃၂)ကြိမ်မြောက် အမျိုးသားအဆင့်မုတ်သုံဖိုရမ် အခမ်းအနား ကျင်းပခြင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနမှ ဦးစီး၍ (၃၂)ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေးကြိုတင် သတိပေးဗဟိုဌာန (Multi-Hazard Early Warning Center)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်နေသော ဌာနများ၊ စိုက်ပျိုးရေးဆောင်ရွက်နေသောဌာနများ၊ ရေနှင့်ပတ်သက်၍ ဆောင်ရွက်နေသောဌာနများ၊ အခြား ဆက်စပ်ဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အပါအဝင် စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ယနေ့ကျင်းပပြုလုပ်သည့်  (၃၂)ကြိမ်မြောက်   မုတ်သုံဖိုရမ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ (အနောက်တောင်မုတ်သုံရာသီကာလ)အတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာယေဘုယျခန့်မှန်းချက် များအား တင်ပြဆွေးနွေးခြင်း၊ စိုက်ပျိုးရေးမိုးလေဝသအခြေအနေနှင့် မိုးလေဝသ အသုံးအနှုန်းများ၊ မြန်မာနိုင်ငံနှင့် ငလျင်ဘေးအန္တရာယ်အကြောင်းတို့ကို ရှင်းလင်းတင်ပြခြင်း၊ ရာသီအလိုက်ခန့်မှန်းချက် များကို အသုံးပြုသည့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ ခုနှစ်  ဆောင်းရာသီ ကာလအတွင်း ကြုံတွေ့ခဲ့ရသော ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာအတွေ့အကြုံများနှင့် သင်ခန်းစာ များကို ဆွေးနွေးခြင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင် ပြင်ဆင်မှုအခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပြုချက်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။