ဇလဗေဒဌာနခွဲ
နိဒါန်း
၁။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲသည် ၁၉၆၆ ခုနှစ်မှစတင်၍ မြစ်ရေဆိုင်ရာ တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ နေ့စဉ်မြစ်ရေခန့််မှန်းချက်များ ထုတ်ပြန်ပေးခြင်း၊ ရေကြီးခြင်းသတိပေးချက်နှင့် ရေကြီးမှုအခြေအနေသတင်း ထုတ်ပြန်ချက်များ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေး၍ ဇလဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေးကို ကာကွယ်ပေး လျက်ရှိပါသည်။ ၁၉၇၈ ခုနှစ်မှ စတင်၍ သင်္ချာပုံစံပြု Model များဖြင့် မြစ်ရေခန့်မှန်းရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် UNDP/WMO Project ဖြင့် ကွန်ပျူတာများနှင့် သင်္ချာပုံစံပြု Model များအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် JAXA ၏ အထောက်အပံ့ဖြင့် မြစ်သေးများနှင့် မြစ်အထက်ပိုင်းဒေသများအတွက် Satellite Rainfall ကို အခြေခံပြီး Integrated Flood Analysis System (IFAS) ကို အသုံးပြု၍ Flood Simulation များ ဆောင်ရွက်နိုင်ရန် ခန့်မှန်းရေးဆိုင်ရာ နည်းပညာများကို မြှင့်တင်နိုင်ခဲ့ပါသည်။
၂။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲသည် မြန်မာနိုင်ငံ၏ မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ဘီးလင်းမြစ်၊ နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းတို့တွင် စခန်းပေါင်း (၄၅) စခန်းအတွက် မြစ်ရေဆိုင်ရာခန့်မှန်းချက်၊ သတိပေးချက်များကို ထုတ်ပြန်ပေးလျက်ရှိပါသည်။
၃။ နိုင်ငံတော်အစိုးရမှ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အကျိုးရှိစေရန်နှင့် မြစ်ရေခန့်မှန်းရေဆိုင်ရာလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် Geographic Information System နည်းပညာကို အသုံးပြုလျက် ရေလွှမ်းမိုးမှုဧရိယာပြမြေပုံများ၊ ရေလွှမ်းမိုးမှုကြောင့်ပျက်စီးဆုံးရှုံးနိုင်မှုဧရိယာပြမြေပုံများ ထုတ်ဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ဇလဗဒေဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ
၄။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲ၏ ဇလဗေဒဌာနခွဲ လက်အောက်တွင် မြစ်ရေခန့်မှန်းရေးဌာနစု၊ မြစ်ရေမှတ်တမ်းနှင့် တိုင်းတာရေးဌာနစု၊ သင်တန်းနှင့်သုတေသနဌာနစု၊ အဝေးအာရုံခံစနစ်နှင့်ပထဝီသတင်းအချက်အလက်အသုံးချရေးနှင့် ရေအရည်အ သွေးနှင့် ပတ်ဝန်းကျင်ရေးရာဌာနစုတို့ကို ဖွဲ့စည်းထားရှိလျက် လုပ်ငန်းများကို ဆောင်ရွက်ပါသည်။
၅။ မြစ်ရေခန့်မှန်းရေးဌာနစုသည် ဌာနလက်အောက်ခံ ဇလဗေဒစခန်းများ၊ မိုးလေဝသနှင့်ဇလဗေဒစခန်းများမှ နေ့စဉ်တိုင်းတာရရှိသည့် မြစ်ရေမှတ် တိုင်းထွာချက်များကို လက်ခံရယူခြင်း၊ စိစစ်ခြင်း၊ တိုင်းတာချက်များကို စခန်းများအလိုက် ဂရပ်ရေးဆွဲခြင်း၊ တွက်ချက်ခြင်းနှင့် ခန့်မှန်းချက်ထုတ်ပြန်ခြင်းများကို နေ့စဉ်ဆောင်ရွက်ကြရပါသည်။ ရေကြီးခြင်းသတိပေးချက်၊ ရေကြီးမှုအခြေအနေသတင်း၊ ထူးခြားမြစ်ရေအခြေအနေသတင်း၊ ရေနည်းမည့်သတိပေးချက်နှင့် ရေနည်းမည့်အခြေ အနေသတင်းတို့ကို ကြိုတင်ထုတ်ပြန်ပေးပါသည်။ မြန်မာနိုင်ငံမြစ်ကြီးများ၏ မြစ်ရေအခြေအနေ များကို ဆန်းစစ်လေ့လာ၍ လစဉ်နှင့်နှစ်စဉ် အစီရင်ခံစာ ပြုစုတင်ပြပေးပါသည်။ မြစ်ရေကြီးမှုဖြစ် ပေါ်ခြင်းအတွက် အစီရင်ခံစာများကို ပြုစုရေးသားတင်ပြရပါသည်။
၆။ မြစ်ရေမှတ်တမ်းနှင့်တိုင်းတာရေးဌာနစုမှ ဝန်ထမ်းများသည် စခန်းများမှ လက်ခံရရှိသည့် ဇလဗေဒအချက်အလက် မှတ်တမ်းများကို ကွန်ပျူတာတွင် ထည့်သွင်းခြင်း၊ သရုပ်ခွဲလေ့လာခြင်း၊ သင်္ချာပုံစံများဖြင့် စမ်းသပ်တွက်ချက်ခြင်းများ ဆောင်ရွက်ကြရပါသည်။ နှစ်အလိုက် ဇလဗေဒနှစ်ချုပ်စာအုပ် ပြုစုထုတ်ဝေနိုင်ရေးအတွက် ဇလဗေဒစခန်းများ၊ မိုးလေဝသနှင့်ဇလဗေဒစခန်းများ အားလုံး၏ နေ့စဉ်ဇလဗေဒအချက်အလက်များကို သတ်မှတ်ပုံစံဖြင့် ကွန်ပျူတာတွင် ပြည့်စုံစွာထည့်သွင်းခြင်း၊ စိစစ်ခြင်း၊ ဂရပ်ပုံများရေးဆွဲခြင်းတို့ကို ဆောင်ရွက်ကြရပါသည်။
၇။ မြစ်ရေမှတ်တမ်းနှင့်တိုင်းတာရေးဌာနစုသည် ဇလဗေစခန်းသစ်ဖွင့်လှစ်ခြင်း၊ ဇလဗေဒဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နှစ်စဉ် စခန်းရွေးချယ်လျက် စခန်းများ၏ ရေစီး နှုန်း၊ မြစ်အောက်ခြေကန့်လန့်ဖြတ်ပုံစံ၊ သဲနုန်းထုထည်စီးနှုန်း၊ ရေထုထည်စီးနှုန်း ပြောင်းလဲမှုအခြေအနေ စစ်ဆေးတိုင်းတာခြင်းတို့ကို ဆောင်ရွက်ကြရပါသည်။ စီမံကိန်းလုပ်ငန်းများအတွက် ဇလဗေဒအထူးတိုင်းထွာရေးလုပ်ငန်းများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးရပါသည်။
၈။ နိုင်ငံတော်နှင့်ပြည်သူများအနေဖြင့် သန့်ရှင်းသောရေကို အသုံးပြုနိုင်/သောက်သုံးနိုင်ရန် အလွန် အရေးကြီးသည့်အလျောက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဇလဗေဒဌာနခွဲသည် မြန်မာ နိုင်ငံ မြစ်ကြီးများ၏ ရေအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဇလဗေဒဓာတ်ခွဲခန်းတွင် ရေအရည်အသွေးတိုင်းတာခြင်း၊ မြစ်ရေတွင်သဲနုံးပါဝင်မှု တိုင်းတာခြင်း များနှင့် အက်စစ်ဖြစ်ထွန်းမှုစောင့်ကြည့်တိုင်းတာရေး အစီအစဉ်အရ လက်ခံရရှိသော တိုင်းတာရေး ကိရိယာများဖြင့် မိုးရေ၏ pH နှင့် Electric Conductivity (EC)ပါဝင်မှုတိုင်းတာခြင်း၊ အက်စစ်အစို ဖြစ်ထွန်းမှုတိုင်းတာခြင်း၊ လေထုအတွင်း အက်စစ်အခြောက်ဖြစ်ထွန်းမှုတိုင်းတာခြင်း၊ လေအရည် အသွေးတိုင်းတာခြင်း၊ တိုင်းတာချက်မှတ်တမ်းများ ထိန်းသိမ်းခြင်း၊ ဆန်းစစ်လေ့လာတွေ့ရှိချက်များအပေါ် အစီရင်ခံစာ ပြုစုတင်ပြခြင်းများကို ဆောင်ရွက်ကြရပါသည်။ GIS နည်းပညာကို အသုံးပြု၍ ရေကြီးမှုဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့များ၏ ရေလွှမ်းမိုးမှုဧရိယာပြမြေပုံများ နှင့် မြစ်ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးနိုင်မှုဧရိယာပြမြေပုံများ ရေးဆွဲထုတ်ပြန်နိုင်ရန် ဂြိုဟ်တုမြေပုံများ အသုံးပြုဆောင်ရွက်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
ဇလဗေဒတိုင်းတာရေးစခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ
၉။ ဇလဗေဒဆိုင်ရာ တိုင်းတာရေးစခန်း/ရုံးများ ဖွင့်လှစ်ထားရှိမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဇလဗေဒစခန်း (၂၆) စခန်း
(ခ) မိုးလေ၀သနှင့်ဇလဗေဒစခန်း (၅၀) စခန်း
(ဂ) လေအရည်အသွေးတိုင်းတာရေးစခန်း (၆) စခန်း
(ဃ) အက်စစ်အစို/အခြောက်ဖြစ်ထွန်းမှု တိုင်းတာရေးစခန်း (၁) စခန်း
(င) မိုးရေ၏ pH နှင့် Electric Conductivity (EC) တိုင်းတာရေးစခန်း (၄၁) စခန်း
ဇလဗေဒဆိုင်ရာတိုင်းတာချက်များ
၁၀။ တိုင်းတာရေးစခန်းများမှ တိုင်းတာချက်များကို တိုင်းတာရယူပြီး ရုံးချုပ်သို့ပေးပို့ရသည်။ တိုင်းတာရေးစခန်းများအလိုက် တိုင်းတာသည့်တိုင်းတာချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) မြစ်ရေမှတ် တစ်နေ့ (၃) ကြိမ်
(ခ) ရေငွေ့ပျံနှုန်း တစ်နေ့ (၁) ကြိမ်
(ဂ) မြစ်ရေအပူချိန် တစ်နေ့ (၃) ကြိမ်
(ဃ) ရေစီးနှုန်း (နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)
(င) မြစ်ရေထုထည်စီးနှုန်း(နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)
(စ) သဲနုန်းထုထည်စီးနှုန်း
(ဆ) မြစ်အောက်ခြေ ကန့်လန့်ဖြတ်ပုံစံ(နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)
(ဇ) မြစ်ရေအရည်အသွေးတိုင်းတာခြင်း (နှစ်စဉ် စခန်းရွေး၍ တိုင်းတာသည်)
(ဈ) အက်စစ်အစိုဖြစ်ထွန်းမှု တစ်ပတ် (၁) ကြိမ်
(ည) အက်စစ်အခြောက်ဖြစ်ထွန်းမှု နှစ်ပတ် (၁) ကြိမ်
(ဋ) မိုးရေ၏ pH နှင့် Electric Conductivity (EC) တိုင်းတာမှု တစ်လ (၁) ကြိမ်
ဇလဗေဒ ဆိုင်ရာ ခန့်မှန်းချက်/သတိပေးချက်/အခြေအနေသတင်းများ
၁၁။ ဇလဗေဒဌာနခွဲမှ ထုတ်ပြန်ပေးသည့် ခန့်မှန်းချက်/သတိပေးချက်နှင့် အခြေအနေသတင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ခန့်မှန်းချက်များ
(၁) နေ့စဉ်မြစ်ရေခန့်မှန်းချက်
(၂) (၁၀)ရက်ပတ် ဇလဗေဒခန့်မှန်းချက်
(၃) လအလိုက် ဇလဗေဒခန့်မှန်းချက်
(၄) မိုးရာသီ/ဆောင်းရာသီကာလ ယေဘုယျဇလဗေဒခန့်မှန်းချက်
(၅) မိုးဦး/မိုးလယ်/မိုးနှောင်း ဇလဗေဒခန့်မှန်းချက်
(ခ) သတိပေးချက်များ
(၁) ရေကြီးမည့်သတိပေးချက်
(၂) ရေနည်းမည့်သတိပေးချက်
(ဂ) အခြေအနေသတင်းထုတ်ပြန်ချက်
(၁) ရေကြီးမှုအခြေအနေသတင်း
(၂) ထူးခြားမြစ်ရေအခြေအနေသတင်း
(၃) ရေနည်းမည့်အခြေအနေသတင်း













