နေ့စဉ်မိုးလေဝသသတင်း
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၂ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများ အားဖြင့် သာယာခဲ့ပါသည်။ နေ့အပူချိန်များမှာ ကချင်ပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက် (၅)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့နှင့် ညောင်ဦးမြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်စီနှင့် တံတားဦး(လေကြောင်းမိုးလေဝသ)၊ မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ထားဝယ်မြို့တွင် (၀.၆၆)လက်မနှင့် မိုးညှင်းမြို့တွင် (၀.၀၈)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီးအိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ ကနဦးတွင် အရှေ့- အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး၊ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တို့တွင် (၂၀.၃.၂၀၂၂)ရက်နေ့၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင် ပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီးနောက် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့ ဆက်လက်အားကောင်းလာနိုင်ပြီး၊ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ ပြန်ကွေ့ကာ (၂၃.၃.၂၀၂၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Bangladesh) နှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်ရိုးတန်းမြောက်ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူ ထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေကာ၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်း ငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေ ခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။













