နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း 

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း- အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဩရိဿ ပြည်နယ်မြောက်ပိုင်းကမ်းခြေကို  ဘာလဆောမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေ ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၄ ပေခန့် ရှိနိုင်ပါသည်။ 

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။        မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန် ရွာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။             မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။ 

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။              နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။